Monday, June 3, 2013

Facebook တွင် Comment ဖြတ်ခြင်း ( Facebook Comment Policy)


Facebook မှာ comment ပေးတယ်၊ မှတ်ချက်ပေးတယ်ဆိုတာ ရှင်းသလိုလိုနဲ့ တော်တော်ရှုပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ကွန်းမင့် ပေးတဲ့သူမှာ အခွင့်အရေးရှိသလို၊ ကွန်းမင့် လက်ခံသူမှာလည်း ဘယ်လိုအခွင့် အရေးတွေရှိတယ်ဆိုတာကို သိရှိအောင် ရေးသား တင်ဆက် ရခြင်း ဖြစ်ပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် Facebook Comment Policy ပေါ့။ ဒီစာက Facebook fan page ကိုင်တွယ် နေသူများအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ Facebook user များလည်း သိထားရင် အကျိုးရှိမှာ ဖြစ်ပါတယ်။




စာဖတ်သူအချို့ ကြုံဖူးကြမှာပါ။ Fan Page တစ်ခုခုက Post တစ်ခုခုတင်လို့၊ ဓာတ်ပုံတစ်ခုခုတင်လို့ ကိုယ်က Comment ပေးလိုက် တယ်။ သို့ပေမယ့် ယင်း Comment ဟာ နောက်တစ်ကြိမ်ပြန်ကြည့်တော့ မရှိတော့ဘူး။ အဲတော့ အဲလိုဖျက်တဲ့ Fun Page အနေနဲ့ကလည်း သိက္ခာအကြီးကြီးကျပြီး စာဖတ်သူတို့ရဲ့ အထင်မြင်သေးခြင်းကို ခံရပါတယ်။ ဒါဟာ User အခွင့်အရေး ချိုးဖောက်တယ် ဘာညာလို့တောင် ဆိုကြပါတယ်။

Facebook မှာက ဒီလိုပါ။ Fan Page ရယ်မှာမဟုတ်ပါဘူး။ Account User အနေနဲ့ဆိုရင် ကိုယ့် Account, Page ကို စိတ်ကြိုက် ဖန်တီး ပြင်ဆင်ခွင့် ရှိပါတယ်။ ဥပမာ- Fun Page အနေနဲ့ ပုံတစ်ပုံ တင်လိုက်ပါ တယ်။ အောက်မှာ အခြားသူ တစ်ဦးက ကွန်းမင့် ပေးပါတယ်။ ယင်း Comment ကို ဖြတ်ခွင့်ရှိလို့ပဲ Facebook က ကြက်ခြေခတ်ပုံ သဏ္ဍန်နဲ့ ဖြတ်လို့ရအောင် တောင် Option လေးပေးထားပါတယ်။ ကွန်းမင့်တက်ရေး သူအနေနဲ့ လည်း ပြန် လည် ပြင်ဆင်လို့ရအောင် Edit ဆိုတာလေးတောင် ထည့်ပေးလာပါသေးတယ်။ ဒီတော့ ရှင်းရှင်း ပြောရရင် ကိုယ်ဘာရေးရေး၊ သူဘာ ကွန်းမင့်ပေးပေး ကိုယ့်မှာ ကွန်းမင့် ဖြတ်ပိုင်ခွင့် ရှိပါတယ်။ ဒါကတော့ Facebook က တရားဝင် သတ်မှတ်ပေးထားတဲ့ Policy ဖြစ်ပါတယ်။

သို့ပေမယ့် ယင်း Policy အတိုင်းသွားရင် Fan Page တစ်ခုအနေနဲ့ကတော့ ကြိမ်းသေ အမြင်ကပ်စရာ ဖြစ်လာမှာ ဖြစ်ပါတယ်။ အမြင်ကပ်ရုံတင်မက ပရိတ်သတ်တွေကို စော်ကားတယ်လို့တောင် ထင်ချင်စရာ ရှိပါတယ်။ အဲလိုမဟုတ်ပဲ ဘာကွန်းမင့်မှ မဖျက်ပဲ ထားပြန်တော့လည်း ဆုံးရှုံး၊ အရှက်ရစရာ ကိစ္စတွေ ရှိလာပါတယ်။ ဒီတော့ Facebook အသုံးပြုသူအနေ နဲ့ comment နဲ့ပက်သက်တဲ့ ယဉ်ကျေးမှု သိရှိဖို့ လိုအပ်ပါတယ်။ Facebook ရယ်လို့မှမဟုတ်ပဲ၊ Twitter , Youtube အစရှိသဖြင့် ဆိုရှယ် မီဒီယာ အားလုံး ကျင့်သုံးသင့်တဲ့ လမ်းစဉ် ဖြစ်ပါတယ်။ ဖတ်ရတာ ရယ်စရာလေး လည်း ဖြစ်အောင် ရာဇသတ်ကျမ်းထဲကလို ပုဒ်မလေးတွေနဲ့ ဖော်ပြပါ့မယ်။

Fan Page (မီဒီယာ Page၊ ဘာ Page, ညာ Page တစ်ခုခု) တွင် Admin တစ်ဦးက အောက်ပါအတိုင်း Post တင်ပါလျှင်

၁။ ကြက်ဟင်းခါးသီးသည် ခါးသည်။

အဲဒီလို Post ကို တင်လိုက်တဲ့အခါမှာ အောက်မှာ ကွန်းမင့်ပေးသူက “အဲလိုလား။ သိဘူးလား။ ဦးနှောက်ရှိဘူးလား/ သေလိုက်ပါလား / သောက်ရူး / အပေါ” အစရှိသဖြင့် ကွန်းမင့် တစ်ခုခုပေးလျှင် အတိအလင်းဖြတ်ပိုင်ခွင့် ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ ကြက်ဟင်းခါးသီး ခါးမှန်းလူတိုင်းသိတာတော့ မှန်တယ်။ ဒါက ဥပမာ အနေနဲ့ပေးတာပါ။ စာသားတစ်ခုခု၊ ပုံတစ်ခုခု သာမန်ပဲတင်လိုက်ပါတယ်။ ကိုယ်ကမှန်နေရဲ့ သား ဒါကို အောက်မှာ မဆီမဆိုင် “ နိမ့်ကျလိုတဲ့ ကွန်းမင့်” တက်ပေးရင် လုံးဝ ဖြတ်ပိုင်ခွင့် ရှိပါတယ်။ ကွန်းမင့်ပေးတဲ့ သူဘက်က ဆင်ခြင်စရာ တစ်ခု ဖြစ်ပါတယ်။ အကျိုးဆက်က ဘာလဲဆိုတော့။ အဲလို မဆီမဆို ကွန်းမင့်ကြောင့် တင်ပြသော စာသား၊ ဓာတ်ပုံများအပေါ် အခြား user များရဲ့ စိတ်ဝင်စားမှု ကို လျော့ချစေ လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Page ရဲ့  အင်ပရက်ရှင်လည်း ကျဆင်းရပါတယ်။ စဉ်းစားကြည့်ပါ စာဖတ်သူတို့ Post တစ်ခုခုတွေ့ရင် Comment ဖတ်လားမဖတ်လားဆိုတာ၊ ကပျက်ကချော်ကွန်းမင့် တစ်ခုခုတွေ့ရင် ယင်း Post က အနည်းနဲ့အများတော့ အသရေပျက်ရပါတယ်။

၂။ ကြက်ဟင်းခါးသီးသည် ချိုသည်။

အဲလို မှားယွင်းသော Post တစ်ခုခုကို တင်မိပြီဆိုပါစို့။ အဲဒီမှာ ကွန်းမင့်ပေး သူတွေက “ရူးနေလား၊ ခါးတယ်ကွ၊ နလပိန်းတုန်းရဲ့ ၊ ဒီကောင်တွေ ပေါတောတောတွေ/ စာပြန်ဖတ်ကြဗျို့” အစရှိသဖြင့် ကွန်းမင့်တွေ တက်လာမယ်။ ဒီလိုဆိုရင် အမှားပြင်ဆင်ပြီးမှ ကွန်းမင့် ဖျက်ရပါမယ်။

အမှားပြင်ဆင်တာကတော့ မဖြစ်မနေလုပ်သင့်ပါတယ်။ ကိုယ်ကမှားလို့ စာဖတ်သူက ထောက်ပြတာကို လက်ခံပြီး ပြန်ပြင်ပေးရပါမယ်။ ပြီးရင်တော့ ကွန်းမင့်ကို ပြန်ဖြတ်နိုင်ပါပြီ။ အဘယ်ကြောင့်ဆိုသော် ကွန်းမင့်ပေးသူ က ပြန်ပြင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးတဲ့ ကွန်းမင့် ဖြစ်ပါ တယ်။ ပြန်ပြင်ပြီးရင် ဖျက်နိုင်ပါတယ်။ ဒါကို အချို့  User များက မကြိုက်ပါ ဘူး။ ဘာလို့လဲဆို သူတို့ပေးတဲ့ Comment က ပြန်ပြင်စေလိုရုံတင်မကပဲ မင်းတို့က သောက်သလွဲတွေလုပ်တဲ့ကောင်တွေလို့ အားလုံးကို သိစေ၊ Fan Page ကိုနိမ့်ကျစေလိုလို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း စေတနာ နဲ့ပေးတဲ့ ကွန်းမင့် ပြန်ဖျက်တယ် လို့ထင်ကြပါတယ်။ ဒီတော့ Comment ဖျက်သူ Admin အနေနဲ့ လုပ်ဆောင်စရာ နောက်တစ်ခုတိုးလာပါတယ်။ အမှားထောက်ပြရုံမက ဂုဏ်သိက္ခာကိုပါ ထိခိုက်နစ်နာစေသော ကွန်းမင့်ကို အလွယ်တကူ ဖျက်ပြီး ပြီးပေမယ့် စေတနာနဲ့ ယဉ်ယဉ်ကျေးကျေး ကွန်းမင့် ပေးထားသူများကို အသိအမှတ်ပြုသော အားဖြင့် Message ပို့ပြီး ကျေးဇူးတင်စကား ပြောရပါတယ်။ သို့တည်းမဟုတ် ပြင် ဆင်ပေးပြီးကြောင်း အသိပေးရပါမယ်။ ဒါပြီးရင်တော့ အားလုံးအိုကေ သွားပြီး အမှန်ပြန်ဖြစ်သွားတဲ့ မိမိ post အောက်မှာ Like များ၊ comment များ ပြန်တက်နေမှာ ဖြစ်ပါတယ်။

Fan Page တစ်ခုကြုံခဲ့ဖူးပါတယ်။ ကိုယ်ကလည်း မှားသေးတယ်။ အောက် ကပြန်ပြင်လိုတဲ့စိတ်နဲ့ပေးတဲ့ ကွန်းမင့်တွေကိုလည်း ဖျက်ပစ်တာမျိုးပေါ့။ အချို့ကွန်းမင့်တွေက စေတနာနဲ့မဟုတ်ပဲ ဖဲ့သလိုလို ကွန်းမင့်များဖြစ်တဲ့ အတွက် Fan Page အချို့ က အမှားမပြင်တဲ့အပြင် ကွန်းမင့်ကို ပေါ်တင် ဖျက်ပါတယ်။ ဒါတော့ အင်မတန် ဆိုးရွားပါတယ်။ Fan Page များအနေနဲ့မ လုပ်သင့်ပါဘူး။

၃။ Post ရဲ့ အောက်မှာ Post နဲ့မဆိုင်တဲ့ နိုင်ငံရေး အကြောင်းတွေ လာပြောတယ်။ နိုင်ငံရေးခေါင်းဆောင်များကို အကောင်း အဆိုး၊ ဝေဖန်မှုအမျိုးတက်လာတယ်။ Post နှင့်မဆိုင်သော သူငယ်ချင်းမိတ်ဆွေများ အပြင်ကိစ္စ စနောက်မှုများ Comment၂ ခုမျှမကတော့ပဲ ပလူပျံနေမယ်ဆိုရင်တော့ ဖျက်ကိုဖျက်ရပါမယ်။

ကိုယ်တင်တဲ့ Post ကိုမဖတ်တဲ့အပြင်၊ စိတ်မဝင်စားတဲ့ အပြင် နိုင်ငံရေး အကြောင်းးပြောခြင်း၊ ကိုယ်ပိုင် Personal ကိစ္စများစနောက်ခြင်းများဟာ Post အပေါ်အာရုံစိုက်မှုနည်းစေပါတယ်။ အကျိုးဆက်က Post ကိုစိတ်ဝင်စားမှုနည်းသွားပါတယ်။ စာရေးသူ ကြုံဖူးပါတယ်။ စာရေးသူ တင်လိုက်တဲ့ Post အောက်မှာ မတွေ့တာကြာတဲ့ အဝေးရောက် မိတ်ဆွေနှစ်ဦး ဆွေမျိုးတွေ ဆက်နေလိုက်ကြတာ တွေ့ဖို့ချိန်း တာတွေတောင်ပြောဆိုနေကြပါသေးတယ်။ အဲဒါမျိုးဆိုရင် ဖြတ်နိုင်ပါတယ်။ အချို့  Page ကနိုင်ငံရေး အတင်းပြောတာကို လိုလိုလားလားခက်ခံပေမယ့် အချို့  Page ကလက်မခံတက်ကြပါဘူး။ မဆီမဆိုင် ဝင်ပြောတာမျိုးတော့ ပိုဆိုးပါတယ်။


၎။ ကြော်ငြာဝင်ခြင်း

ဒါကတော့ Admin တွေရဲ့  စိတ်တိုင်းကျပါပဲ ဖြတ်ချင်ဖြတ်လို့ရတယ်။ မဖြတ်ချင်လည်းထားနိုင်ပါတယ်။ အချို့  ဝဘ်ဆိုဒ်၊ Fan Page များက မိမိတို့ ဝဘ်ဆိုဒ်၊ Page များကို ကြော်ငြာဝင်ဖို့အတွက် Link လေးတွေနဲ့ ကွန်းမင့် တက်ပေးပါတယ်။ ဒါကို သဘောကျရင် ထားနိုင် ပါတယ်။ အဲလိုမဟုတ်ပဲ ကိုယ်မနှစ်သက်တဲ့အကြောင်း အရာတွေ ပါနေရင် ဖြတ်နိုင်ပါတယ်။


ဖျက်လို့ရတာ ပြောပြီးရင် မဖျက်ရမယ့်ဟာတွေလည်း ဒီလိုရှိပါတယ်။

၁။ Post နှင့် ဆက်စပ်၍ ဆွေးနွေးခြင်း

စာဖတ်သူက Post တစ်ခုခုတင်လိုက်တယ်။ အဲဒါကို သဘောကျသော် လည်းကောင်း၊ မကျသော်လည်းကောင်း အောက်မှာ မိမိခံစားချက်တွေ၊ ဖွင့်ဟကြပါတယ်။ Facebook user များက ဒီလိုပဲ မိမိခံစားချက်ကို ထုတ်ဖော်ရတာ ဖြစ်ပါတယ်။ ဒီမှာ ဗဟုသုတ တိုးတာရှိတယ်။ ဝမ်းနည်း ရတာရှိတယ်၊ ပျော်ရွှင်ရတာ ရှိပါတယ်။ အစရှိသဖြင့် တစ်ဦးတစ်ယောက်စီရဲ့ ခံစားချက်များ အားလုံးပေါင်းတော့ ကြီးမားတဲ့ ဆွေးနွေး ပွဲကြီးတွေ ဖြစ်တတ်လာပါတယ်။ ဒါမျိုးတွေ ထားထားရပါမယ်။ မဖျက်ရပါဘူး။ Post တင်တဲ့ အဓိကရည်ရွယ်ချက်ထဲမှာ အဲဒါတွေလည်း ပါဝင်တတ်ပါတယ်။ အကျိုးကျေးဇူး ကတော့ မိမိ Page ကိုလူသိများ လာခြင်း ဖြစ်ပါတယ်။

၂။ မေးခွန်း

အချို့ က Post တင်လိုက်တာကို ဖတ်ပြီး နားမလည်ကြပါဘူး။ ဒီတော့ မေးခွန်းတွေပြန်မေးကြပါတယ်။ Post တင်သူ Admin ကမေးခွန်းကို ပြန်ဖြေပေးရန်လိုအပ်ပါတယ်။ မေးခွန်းဖျက်စရာမလိုပါဘူး။ မေးခွန်းဖျက်ချင်တယ်ဆိုရင်လည်း Message ပို့ပြီး ဖြေပေးလိုက်ပါတယ်။ အဲလောက်ထိ မကြီးကျယ်ဘူးထင်ရင်လည်း Post ထဲမှာ သိအောင် ထပ်မံ edit လုပ် ပေါင်းထည့်ရေးသား ပေးလိုက်ပါ။ ပြီးတော့မှ ကွန်းမင့် ဖြတ်နိုင် ပါတယ်။ အများစုကတော့ မေးခွန်းတွေကို မဖျက်ပါဘူး။ အောက်မှာ ပဲ ဖြေကြားပေးကြပါတယ်။ အချို့ ကျတော့လည်း စာဖတ်သူအချင်း ချင်း ပြန်ဖြေသွားတာမျိုးလည်း ရှိပါတယ်။

၃။ ဝေဖန်ချက်

ဒါက ဒီလိုပါ။ Youtube မှာ ပိုအတွေ့များပါမယ်။ လူတစ်ဦးဦးက သူ့ ဗီဒီယိုကို တင်လိုက်ပါတယ်။ ဒီတော့ အောက်မှာ သူတို့ အဲဒီ ဗီဒီယိုအပေါ် ထင်မြင်ချက် အမျိုးမျိုးနဲ့ ကွန်းမင့်ပေးကြပါတယ်။ ကောင်းတာလဲ ပါမယ်။ ဆိုးတာလဲ ပါမယ်။ တစ်ဦးတစ်ယောက်ရဲ့ ဖန်တီးချက်ကို ဝေဖန်နေရင်း၊ ကဲ့ရဲ့တာလဲပါ မယ်။ ချီးကျူးတာလဲပါမယ်။ ဒါမျိုးကတော့ ဒီတိုင်းထားနိုင်ပါ တယ်။ ဝေဖန် သံကြားရန် အလို့ငှာ တင်တဲ့ Post ဆိုရင်တော့ ဒီတိုင်းထားနိုင်ပါတယ်။

ဒီလောက်သိထားရင် လုံလောက်ပါတယ်။ ဒီတော့ စာဖတ်ရှုသူတို့ကလည်း မိမိခံစားချက်ကို ထုတ်ဖော်လိုက်တိုင်း တစ်ဖက်သားကို မထိခိုက် မနစ်နာစေဖို့်လိုပါတယ်။ မှားတာတွေ့လို့ ပြင်ပေးချင်သပ ဆိုလည်း မြန်မာ့ ယဉ်ကျေးမှုအတိုင်း ရိုးရိုးလေးပြောရင်ပြီးသွားပါတယ်။ ဒါကို တစ်ဖက်သား နိမ့်ကျစေလိုတဲ့ ဆန္ဒနဲ့ ကွန်းမင့်တွေ တက်ပေးတော့ Page ကိုင်သူနဲ့ စာဖတ်သူတို့ကြား ကွန်းဖလင့်တွေ ဖြစ်ပါတော့ တယ်။

Page ရယ်မှမဟုတ်ပါဘူး။ Personal account မှာ ဓာတ်ပုံတင်တာတို့ Status တင်တာတို့မှာလည်း ကွန်းမင့်ပေးတဲ့အခါ နည်းတူ သတိထားရမှာ ပဲ ဖြစ်ပါတယ်။

မြန်မာ့ Facebook ရပ်ဝန်းယဉ်ကျေးမှု ရှိရန် လိုအပ်နေပါသေးတယ်။ ဆဲဆိုတဲ့ ကွန်းမင့်တွေ တွေ့နေရပါတယ်။ အမှန်တော့ Fan page ကိုင်တွယ် တင်ဆက်နေသူများလည်း လူသားပဲပေမို့ အဆဲခံရတော့ ခံစားချက်အမျိုးမျိုး ရရှိကြပါတယ်။ ကွန်းမင့်ပေးသူကလည်း ဆဲဆိုတဲ့ ကွန်းမင့်၊ နိမ့်ကျစေလိုတဲ့ ကွန်းမင့်များက မိမိရဲ့ သိက္ခာကိုလည်း ကျဆင်းစေပါတယ်။

Fan page ကိုင်တွယ်နေသူများ ကလည်း ဝင်ရောက်ကြည့်ရှု၊ ဖတ်ရှုသူတို့ရဲ့ ကွန်းမင့်တွေကို တန်ဖိုးထားရပါမယ်။ မှားနေတာကို ထောက်ပြပေး ရင် ပြင်ပေးနိုင်စွမ်း ရှိရပါမယ်။ မှားယွင်းသော သတင်း၊ Post တင်ခြင်း များပြီးရင် ပြန်ပြင်ပေးရပါမယ်။ လိုအပ်ရင် စာဖတ်သူတို့ ကို ပြန်လည်တောင်းပန် ရပါမယ်။

မြန်မာတွေက တော်ပါသေးတယ်။ အနောက်တိုင်းမှာဆို Comment ပေးတော်တော်ကြမ်းပါတယ်။ Youtube မှာ စာဖတ်သူ Dhoom 2 ဘောလိဝုဒ်အက်ရှင် ရုပ်ရှင်အမြီးဝင်ကြည့်လိုက်မိတယ်။ Lamborghini, Bugatti ပြိုင်ကားများ ပြိုင်ဆိုင် တိုက်ခိုက်နေလိုက်ကြတာ ကြည့်ရတဲ့ သူတောင် တစ်မေ့တစ်မောပဲ။ Trailer ပြီးလို့ ချီးကျူးခန်းဝင်နေ တုန်း အောက်က ကွန်းမင့်ကြောင့် ခံစားချက်တွေဘယ်ရောက်သွားလဲမသိ။ အနောက်တိုင်းသားတစ်ယောက် ပေးထားတဲ့ ကွန်းမင့်က ဒီလိုပါ “Need For Speed ဂိမ်း ပရိုမိုးရှင်းလုပ်နေတာပါလား ဟဟ” ။ သူပြောတော့ လဲဟုတ်နေတာပဲ။ ကားမောင်းပြိုင်နေ တာဆိုတာ့ NFS ပဲပေါ့။ ချီးကျူးခန်းဝင်ထားတာ ဘယ်ရောက်သွားလဲမသိ။

ဆိုလိုရင်းက တစ်ဦးတစ်ယောက်ရဲ့ တင်ဆက်မှု ဘယ်လောက်ကောင်းကောင်း ပေးထားတဲ့ ကွန်းမင့်ကြောင့် လေ့လာ၊ ကြည့်ရှုသူတစ်ဦးရဲ့ အမြင်ကို ဇောက်ထိုးမိုးမျော်ပြောင်းလဲစေပါတယ်။  ဒါကို အထူးသတိထားရန် လိုအပ်ပါတယ်။

အထက်ပါ နည်းလမ်းတွေ အတိုင်း ကျင့်သုံးသွားရင် ရောင်းသူဝယ်သူကြား အဆင်ပြေသလို၊ သတင်းအချက်အလက်၊ ဗဟုသုတ၊ သုတ၊ ရသ မျှဝေသူ နဲ့ လေ့လာသူကြား အချင်းများမှု မရှိတော့ပဲ နှစ်ဦးနှစ်ဖက်စလုံးကို အကျိုးရှိစေမှာ ဖြစ်ပါတယ်။ Fan Page များ Facebook ပေါ်တွင် တိုးပွားလာခြင်းက ကောင်းမွန်သော အလားအလာ ဖြစ်ပါတယ်။ သို့ပေမယ့် အများအတွက် လွန်စွာအကျိုးပြုသော Fan Page ဖြစ်လာပြီဆိုမှသာ ဝင်ရောက်ဖတ်ရှုသူများကို လက်တို့ခေါ်စရာတောင်မလိုပဲ အလိုလိုတိုးပွား လာမှာ ဖြစ်ပါတယ်။ User များအတွက် များစွာ အကျိုး ဖြစ်ထွန်းစေပါတယ်။

ဒီတော့ သိထားသင့်တဲ့ Comment ဥပဒေသလေးကို လေ့လာ ထားပြီးပြီဆိုရင် Fan Page ကိုင်တွယ်သူများကို အမှန်တကယ် လက်တွေ့အ သုံးချစေလိုပါတယ်။ နောက်မှပဲ Facebook, ဝဘ်ဆိုဒ်များ နှင့် ပက်သက်၍ သိထားသင့်သော ယဉ်ကျေးမှုများကို ရေးသား တင်ဆက်ပါအုံးမယ်။
----
အောင်ခမ်း

Credit : http://blog.techspace.com.mm

0 comments: